Thursday, July 24, 2008

ခြေလှမ်း အမှတ် တစ်ဆယ်

စစ်သည်ကတော်ဘဝ


တစ်နေ့တော့သူငယ်ချင်းတစ်ယောက်ထံ
မှ စာတစ်စောင်ရရှိပါသည်။ သူမက သူမ၏ ဘ၀အကြောင်းကို ဤသို့ရှင်းပြလာပါသည်။
ဝေ. . . . ရေ
နင့်ဆီကို ငါစာရေးမယ် ရေးမယ်နဲ့လုပ်ပြီး မရေးဖြစ်တာကြာခဲ့ပြီဘဲ။ ငါစာလည်းရေးချင်စိတ်သိပ်မရှိဘူး။ စာရေးချင်စိတ်မှ မဟုတ်ပါဘူးဟာ ဘာမှကို လုပ်ချင်စိတ်မရှိတော့တာပါ။ မိန်းကလေးဘ၀က အိမ်ထောင်ကျတယ်ဆိုတာ ထောင်ဆိုတဲ့ အိမ်ထဲ ကျသွားတယ်ဆိုတာ နင်ကော ငါပါသိပါတယ်။ ဒါပေမယ့် ငါ ခုတော့ ငါကျတဲ့ ထောင်က မကြာမီ အဆိပ်ငွေ့နဲ့ အသတ်ခံရတော့မယ့်နာဇီ အကျဉ်းစခန်းလို ထောင်မျိုးဟ။ မှားခဲ့ပြီးသားမို့ မှားတာကို မှားတယ်လို့ ပြောနေရင်လည်း ဘာမှ ထူးမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် ငါမှားတယ်။ အများကြီးမှားတယ်။ နင်တို့မြို့ကို ငါရောက်ခဲ့တုန်းက နင်ချစ်သူဓာတ်ပုံကို ငါ့ကိုပြခဲ့တယ်။ အဲတုန်းက ငါပြောခဲ့တဲ့စကားကို နင်မှတ်မိလား။ ငါသာဆို စစ်သားကိုပဲ ရည်းစားလုပ်မယ်လို့လေ။ တကယ်တော့ အဲတုန်းကတည်းက ငါ့စစ်သားတစ်ယောက်နဲ့ (အခု သူနဲ့) ငါရည်းစားတကယ်ဖြစ်နေတာပါ။ အဲဒီအချိန်အထိ အားလုံးအဆင်ပြေနေပါတယ်။ သူသင်တန်းကဆင်းတော့ ငါနဲ့လက်ထပ်ခြစ်ခဲ့ပါတယ်။ လက်ထပ်စ ကတည်းက အဆင်မပြေတော့တာပါ။ CV ဖောင်တွေ ငါမဖြည့်ချင်တော့ဘူးသိလား။ ဒါပေမယ့် ကိုယ့်ချစ်သူနဲ့လက်ထပ်ဖို့ဘဲလေ။ ဒါကြောင့် သူတို့တပ်က ချပေးတဲ့ ပုံစံစာရွက်ကို ဖြည့်လိုက်တယ်။ အမည် နေရပ်တို့တော့ ထုံးစံပေါ့လေ။ ဒါပေမယ့် တခြား ကွက်လပ်တွေက တော်တော်လေး စိတ်ရှုပ်ရပါတယ်။ ဥပမာဟာ. . . အပျို ဟုတ်/မဟုတ်။ သင်၏မိဘများက နိုင်ငံတော်တွင် တာဝန်ထမ်းဆောင်ဖူးခြင်း ရှိ/မရှိ။ တာဝန်ထမ်းဆောင်ခဲ့ဖူးလျှင်(သို့) တာဝန်ထမ်းဆောင်နေဆဲဆိုလျှင် လက်ရှိရာထူးနှင့် ဌာန။ နောက်မေးခွန်းက သင့်မိဘသည် ရာဇ၀တ်မှု ကျူးလွန်ဖူးခြင်းရှိ/မရှိ - နောက် သင်နဲ့ သင်လက်ထပ်မည့်သူ၏ ထမ်းဆောင်ဆဲတာဝန်နဲ့ ရာထူး ဌာန စတာတွေ အများကြီးဖြည့်ရတယ်။ အဲဒါတွေ ဖြည့်ပြီးလို့များပြီးပြီလားလို့ ထင်ရတယ်။ မပြီးပါဘူး။ သူနဲ့လက်ထပ်ပြီးနောက် မိသားစုအိမ်ယာဆိုတဲ့ မိသားစုတိုက်တန်းမှာ သူနဲ့ နေဖို့ အခန်းတစ်ခုရတယ်။ အပျင်းပြေ "၀ါး"လို့ များ ယောင်ပြီးလက်နှစ်ဖက်ဆန့် မသန်းလိုက်မိစေနဲ့။ နံရံနဲ့လက်နဲ့ ရိုက်မိလိမ့်မယ်။ အိမ်ခန်းက သေးပါတယ်ဆိုမှ ရေချိုးခန်း အိမ်သာ မီးဖိုချောင် ဧည့်ခန်း အိပ်ခန်း စုံနေအောင် လုပ်ထားပေးရတယ်။ အိမ်ရှေ့ မှာ ရှိတဲ့ ခြေသုံးလေးလှမ်းစာ မြေကွက်ကလေးမှာလည်း ဥယျာဉ်လိုဖြစ်အောင် စိုက်ပျိုးပေးရတယ်။ အိမ်နောက်ဖေးမှာလည်း စောင်တစ်ခင်းစာမရှိတဲ့ မြေကွက်လေးမှာ သီးနှံပင်တွေ စိုက်ပျိုးပေးထားရတယ်။ အဲဒါတွေက အရေးမကြီးပါဘူး။ အဖိတ်နေ့နှင့် ဥပုသ်နေ့တိုင်း တပ်ထဲက ဓမ္မာရုံသွားပြီး ဓမ္မစကြာရွတ်ရတယ်။ နောက် ဒါဘာလို့ခေါ်တဲ့ တပ်ရင်းမှုးကတော်ခေါ်တဲ့ အစည်းအဝေးတက်ရတယ်။ တပ်ရင်းမှုးကတော် လေပေါတာခံပေါ့လေ။ သူက အမျိုးသမီးရေးရာ ဥက္ကဋ္ဌကိုး။ သြော် ပြောရဦးမယ်။ စစ်သားရဲ့ ကတော်ဖြစ်ပြီဆိုရင် အမျိုးသမီးရေးရာဖြစ်ဖြစ် မိခင်နဲ့ ကလေးစောင့်ရှောက်ရေးဖြစ်ဖြစ် ၀င်ရတယ်လေ။ အမျိုးသမီးရေးရာဥက္ကဋ္ဌလည်း သူ ၊ မိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌလည်း သူဖြစ်တဲ့ တပ်ရင်မှူးကတော်ရဲ့ စကားကို တ၀ကြီးနားထောင်ပြီးရင် လိုအပ်တာရှိရင် အစည်းအဝေးမှာ ထပြောနိုင်တယ်တဲ့။ ထမပြောမိစေနဲ့သိလား။ ထပြောမိတဲ့သူ တပ်မိသားစုသင်တန်းတက်ရပြီးသားပဲဝေရေ။ နောက်ရှိသေးတယ်။ ဘာလဲသိလား။ လုပ်အားပေး။ ဇီးသီးခင်းမှာ မြက်နှုတ်ရတယ်။ ပြီးတော့ ပဲစင်းငုံခင်း ပေါင်းသင်ရတယ်။ နှမ်းခင်း ၀င်ရတယ်။ ငါမိဘအိမ်မှာနေကတည်းက ငါပေါက်ပြားမကိုင်ခဲ့ဖူးဘူး။ နောက် မြက်ရိတ်ကတ်ကြေး မကိုင်ခဲ့ဖူးဘူး။ ဆိုင်ကယ်တစ်စင်းနဲ့ ကျော့နေအောင်ပြင်ပြီး ငါတို့မြို့မှာ နင်ဆိုင်ကယ်စီးတာ လေယာဉ်ပျံကျနေတာပဲဆိုတိုင်း ပျံနေအောင် ငါဆိုင်ကယ်လျှောက်စီးရင် ငါ့ဘ၀ကို ပျော်ပျော်နေဘ၀နဲ့ တည်ဆောက်ခဲ့တာ။ ခုတော့ အလုပ်တွေ စုံနေအောင် ခဏခဏလုပ်နေရတယ်။ အဲ သီးနှံပေါ်ပြီဆိုရင်တော့ ရတဲ့ ပိုက်ဆံကို တပ်ရင်းမှူးကတော်က ဘာညာအကြောင်းပြပြီးသိမ်းတော့တာဘဲ။ သိသိနဲ့ပေါ့။ နောက်ပြီး အဆင့် အတန်းက အမြဲအခွဲခံရတယ်။ ဗိုလ်မှုးကတော်ကို ဗေဒါကမာရဲ့ကတော်တဲ့။ ဗိုလ်ကြီးရဲ့ ကတော်ကို ဗေဒါကတော်တဲ့။ အရာခံဗိုလ်ကတော်ကို အရူးချီးပန်းရဲ့ ကတော်တဲ့။ တပ်ကြပ်ကြီးကတော်ကို တောကျွဲကြီးကတော်တဲ့။ ဒုတပ်ကြပ်ကတော်ကို ဒုက္ခိတကတော်တဲ့။ သူက တစ်လကို တစ်သိန်းတစ်သောင်းနဲ့ နှစ်ထောင်ရတယ်။ အကုန်လုံးရမယ်ထင်လား။ တပ်ရံပုံငွေဆိုပြီး တစ်လနှစ်သောင်းထည့်ရတယ်။ ဘဏ်စာရင်းအတွက် တစ်လနှစ်သောင်းအမြဲဖွင့်ရတယ်။ မသုံးရဘူး။ အခု ငါလေ သူငယ်ချင်းဟောင်းတွေနဲ့ သိပ်ပြီး မတွေ့ချင်ဘူး။ အိမ်က ဆင်ပေးလိုက်တာတွေလည်းကုန်ပြီ။ အတင်းယူလာခဲ့တဲ့ ဆိုင်ကယ်လည်း မရှိတော့ဘူးလေ။ နင်တို့နဲ့ မတွေ့ဖြစ်တာလည်းကြာပြီ။ အခုစာတောင် ပျင်းပျင်းနဲ့ ရေးမိရင်းက လူကြုံရှိလို့ ထည့်ဖြစ်တာ။ ငါစိတ်ညစ်တိုင်း ဒိုင်ယာရီမှာ ရေးထားတာများနင်တွေ့ရင် ငါ့ကိုဘာဖြစ်ဖြစ်ကွာရှင်းခိုင်းမှာဘဲ။ ဒါပေမယ့် ငါ့မှာ ကွာရှင်းခွင့်အတွက် လေးလုံးရောဂါနဲ့ အရူးရောဂါရယ် ပြီးတော့ သေတာရယ်ဘဲ ကွာရှင်းခွင့်ရှိတယ်ဝေရဲ့။ တော်ဦးမယ် ဝေရေ နင့်ကို စိတ်ညစ်စေမိခဲ့ရင် င့ါကိုခွင့်လွတ်ဟာ

ဆန္ဒမွန်ဖြင့်

ချိုသန္တာမောင်

***မှတ်ချက်***

ဖေါ်ဝါဒ် မေးလ် တခုအား မျှဝေပါသည် ။

2 comments:

Anonymous said...

စာက မျှဝေခြင်းဆိုလို့ စာရေးသူကိုတော့မပြောတော့ပါဘူး။ စာဖတ်တဲ့သူတွေကိုပဲသိအောင်ပြောလိုက်ပါတော့မယ်။ အမှားတွေအရမ်းများနေလို့ပါ။ cbox တို့ comment တို့မှာ စာရေးခဲပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ အကောင်းဖက်ကတွေးရင် အကောင်းဖြစ်တယ် အဆိုးဖက်ကတွေးရင်အဆိုးဖြစ်တယ်။ ခံယူချက်ကအဓိကကျပါတယ်။ အိမ်ထောင်မှု၊ ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဆိုတဲ့စကားပုံကိုတော့ မြန်မာလူမျိုးတိုင်းကြားဖူး၊ သိဖူးကြမှာပါ။ အိမ်ထောင်တစ်ခုကို ပြုတော့မယ်ဆိုရင်တော့ ဘာတွေစဉ်းစားရမယ်ဆိုတာမပြောတော့ဘူး။ အဖက်ဖက်ကစဉ်းစားရမှာပေါ့ဗျာ။ မိန်းကလေးဆို သာတောင်ဆိုးသေး အိမ်ထောင်ပြုရပြီးရော၊ အဆင်မပြေနောက်မှ ကြည့်လုပ်တာပေါ့ဆိုပြီး ဇွတ်လုပ်လို့ရတဲ့အရာမှမဟုတ်တာကို။ မိန်းကလေးဖြစတော့ သိပ်လည်းရိုင်းရိုင်းမပြောချင်ဘူးဗျ။ ခုတစ်လောလဲ မိန်းကလေးတွေနဲ့ချည်း ပတ်သက်ပြီးပြောနေရတယ်။
ထားလိုက်တော့။ စစ်သားကိုယူမယ်ဆိုရင် အစထဲက စစ်သားဘ၀ကြမ်းတယ်ဆိုတာမကြာဖူးဘူးလား။ စစ်သားကို ယူတော့မယ်ဆိုရင်တော့ ကိုယ်နေချင်တိုင်း နေလို့တော့မရတော့ဘူးလေ။ စစ်တပ်ထဲက စည်းကမ်းတွေအကြောင်းလည်း ကိုယ်တိုင်မတွေ့ဖူးသေးပေမယ့် ကြားဖူးမှာပေါ့။ စစ်သားနဲ့ကြိုက်တော့ပိုတောင်ကြားဖူးရအုံးမယ်လေဗျာ။ နောက်ပြီး မယူခင်တည်းက လက်ထပ်ခွင့်တင်မယ့်အချိန်မှာ ကျွန်မ........ သည် တပ်ရင်းစည်းကမ်း၊ အိမ်ထောင်သည်လိုင်းစည်းကမ်း များကိုနားလည်သဘောပေါက်ပြီးဖြစ်ပါကြောင်း ဆိုပြီး ကာယကံရှင်ကိုယ်တိုင်လက်မှတ်ထိုးမှ လက်ထပ်လို့ရတာပါ။ မသိရင်လည်း ကိုယ်ယူမယ့်သူကိုတစ်ခါတည်းမေးလေ။ မရှင်းရင် သူ့ဆီက တပ်ရင်းရုံးက ယူပြီးကြည့်လို့ရပါတယ်။ ကိုယ်တိုင်ယူဖို့ပြောတာမဟုတ်ပါဘူး။ ကိုယ်နဲ့ယူမယ့်သူကို ယူခိုင်းရမှာ။ ဘယ့်နှယ်ဗျာ ခုတော့ ယောက်ျားတစ်ယောက်ကို မဆင်မချင်ယူပြီးမှ အပြစ်ကိုစစ်တပ်ပေါ်လွှဲချရတယ်လို့။ စစ်တပ်ထဲဝင်ရင်တော့ လူမှုရေးအသင်းအဖွဲ့တွေ၊ စုပေါင်းလုပ်ရတာတွေကို လုပ်ရမယ်လေဗျာ။ သူ့ဟာသူ အိမ်မှာ လက်ကြောမတင်း၊ ဆပ်ဆလူးထ နေပြီးတော့။
ပြောချင်တာက ဒါတွေမဟုတ်ပါဘူး။ ဒီစာကိုရေးထားတာကလည်း စစ်သားကတော်မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ။ နိုင်ငံရေးသမားတွေရဲ့လုပ်တတ်တဲ့ အကျင့်လေးကိုပြောချင်တာပါ။


ဗိုလ်မှုးကတော်ကို ဗေဒါကမာရဲ့ကတော်တဲ့။ ဗိုလ်ကြီးရဲ့ ကတော်ကို ဗေဒါကတော်တဲ့။ အရာခံဗိုလ်ကတော်ကို အရူးချီးပန်းရဲ့ ကတော်တဲ့။ တပ်ကြပ်ကြီးကတော်ကို တောကျွဲကြီးကတော်တဲ့။ ဒုတပ်ကြပ်ကတော်ကို ဒုက္ခိတကတော်တဲ့။

လို့ပြောထားတယ်ဗျာ။ ဘယ်စစ်သားပဲဖြစ်ဖြစ် ဒီစာကိုလာဖတ်ရင်တော့ ရီကြမှာပဲဗျ။ အခေါ်အဝေါ်တွေ အားလုံးကလွဲနေကြလို့ပဲ။ နောက်ထပ်အမှားကြီးမှားတာကိုထပ် ပြောလိုက်ပါဦးမယ်။

သူက တစ်လကို တစ်သိန်းတစ်သောင်းနဲ့ နှစ်ထောင်ရတယ်။ အကုန်လုံးရမယ်ထင်လား။ တပ်ရံပုံငွေဆိုပြီး တစ်လနှစ်သောင်းထည့်ရတယ်။ ဘဏ်စာရင်းအတွက် တစ်လနှစ်သောင်းအမြဲဖွင့်ရတယ်။ မသုံးရဘူး။

အဲဒါကလည်းအမှားကြီးပဲ။ လခ တစ်သိန်းနှစ်သောင်းဆိုတာ ဗိုလ် အဆင့်လခပါ။ အရှာရှိလခကို ချက်နဲ့ ဘဏ်မှာ ကိုယ်တိုင်ဖြစ်စေ ကိုယ်စားလှယ်နဲ့ဖြစ်စေထုတ်ရပါတယ်။ ကိုယ်ပိုင် ချက်ပါ။ လခကိုဘယ်သူမှ control လုပ်လို့မရပါဘူး။ စစ်သည်တွေအတွက် လခကို လကုန်ရက်မှာ တပ်က သွားထုတ်ပြီး နေ့မကူးခင် အပြီး လခပေးရပါတယ်။ တပ်မှာ လခကို ဖြတ်တယ်ဆိုတာ ခုခေတ်ထဲမှာ လုံးဝမရှိတော့ပါဘူး ခင်ဗျား။

အဓိကပြောချင်တာကတော့ ခွေးဖိနပ်တွေရဲ့ အလိမ်အညာတွေပါ။ မသိတဲ့လူတွေကို အယုံသွင်းမယ်။ အထင်အမြင်လွဲအောင်လုပ်၊ တပ်နဲ့ရန်တိုက်လုပ်နေကြတာပါ။

ကိုဗလ said...

မှန်လိုက်လေ အမျိုးချစ်သူရယ်...ကျွန်တော် ကလည်း ဒီပို့စ် ကိုဖတ်တဲ့သူတွေ ဘာပြောမလဲ သိချင်လို့ တင်လိုက်တာပါ...ယုံကြည်လို့တော့ မဟုတ်ပါဘူး...။ ဘယ်နှယ့်ဗျာ ..သောက်တလွဲ ကိုယ်နေချင်တိုင်း ကမြင်းချင်တိုင်းကမြင်းလို့ မရတော့ စစ်တပ်အပြစ် ဖြစ်ရပြန်ရော..

***.အဓိကပြောချင်တာကတော့ ခွေးဖိနပ်တွေရဲ့ အလိမ်အညာတွေပါ။ မသိတဲ့လူတွေကို အယုံသွင်းမယ်။ အထင်အမြင်လွဲအောင်လုပ်၊ တပ်နဲ့ရန်တိုက်လုပ်နေကြတာပါ။***

အတိအကျ မှန်တာပေါ့ဗျာ...

ကျန်းမာပျော်ရွှင်ပါစေဗျာ, သားစဉ်မြေးဆက် NLD and SPDC ဒုက္ခ မှကင်းလွတ်ပါစေ။ NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....NLD လည်း တောင်းရမ်းခြင်း ဘေးဒုက္ခ မှ ကင်းဝေးပါစေ.....အွန်လိုင်းတော်လှန်ရေး သမားများလည်း ဆက်လက်၍ အသံကောင်း ဟစ် နိုင်ကြပါစေ...ဘဝင်ရူး အဖြစ်မှ ကင်းဝေးကြပါစေ... လေမိုင်း ခွဲ နိုင်ကြပါစေ...